တရုတ်နှစ်ကူးမှာ ရည်းစားအငှားလိုက်တဲ့ကြော်ငြာတွေ မလေးရှားမှာ ခေတ်စား

သူတို့ထဲက တစ်ယောက်က အသက် ၂၆ နှစ်အရွယ် ဇီယန်ကျန်းဖြစ်တယ်။

ကွာလာလမ်ပူ၊ တရုတ်နှစ်သစ်ကူးမှာ အိမ်မှာပြသဖို့အတွက် ချစ်သူအမျိုးသား ငှားရမ်းတာဟာ တရုတ်မှာ တရားဝင် လုပ်ငန်းဖြစ်နေပါတယ်။ ဒါပေမဲ့ မလေးရှားမှာတော့ အမျိုးသားတွေကဟာသ တစ်ခုအဖြစ် ရည်းစားအငှားလိုက်ကြောင်း သူတို့ ကိုယ်သူတို့ ကြော်ငြာပြီး တချို့တွေကလည်း ဒါကိုအတည်မှတ်ယူနေကြပါတယ်။


သူတို့ထဲကတစ်ယောက်က အသက်  ၂၆ နှစ်အရွယ် ဇီယန်ကျန်းဖြစ်ပြီး  ချစ်သူအမျိုးသားတစ်ယောက်အဖြစ် မိသားစုတွေရှေ့မှာ  မိတ်ဆက်ပေးဖို့ တစ်ရက် ၈၈ ရင်းဂစ် (ဒေါ်လာ၂၀)၊ မိသားစုပြန်ဆုံတဲ့ ညစာစားပွဲ ကိုလိုက်ပေးဖို့ တစ်ရက် ၁၈၈ ရင်းဂစ် (၄၂ဒေါ်လာ)နဲ့ ပွဲတော်ရာသီတစ်ခုလုံးအတွက် ၈၈၈ရင်းဂစ် (ဒေါ်လာ ၂၀ဝ)နဲ့ အငှားလိုက်တယ်လို့ ကြော်ငြာခဲ့ပါတယ်။

ဖေ့စ်ဘုတ်ခ်ပို့စ်အတွင်း သူပေးမယ့်ဝန်ဆောင်မှုတွေထဲမှာ သူ့ရည်းစားရဲ့ ပန်းကန်ပြားထဲက ထမင်းဟင်းအကျန်ကိုကုန်အောင် စားပေးမယ်။ အဒေါ်ကြီးတွေဆီက ခက်ခဲတဲ့မေးခွန်းတွေကိုဖြေပေးမယ်။ သူ့ရည်းစားရဲ့ မိဘတွေကို  အမေ၊ အဖေ ခေါ်ပေးမယ်။ သူနဲ့ ရည်းစားတွဲရိုက်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုထုတ်ပေးမယ်။  မကြာခင်မင်္ဂလာဆောင်ဖို့ စေ့စပ်တော့မယ်လို့တောင် ဟန်ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဇီယန်က သည်ပို့စ်ကို ဟာသအဖြစ်ရည်ရွယ်ပြီးတင်ခဲ့ပေမဲ့ လူမျိုးပေါင်းစုံက အမျိုးသား၊ အမျိုးသမီးပေါင်း ၁၀ဝ ကျော်ရဲ့ ငှားရမ်းစာတွေကို ရရှိခဲ့ပါတယ်။ ဒါက သူငယ်ချင်းတွေကြား ဟာသသက်သက်ပါ၊ ကျွန်တော်က တရုတ်နှစ်ကူးမှာ ပျော်စေချင်လို့ပါလို့ သူက ချန်နယ် နယူးစ်အေး ရှားသတင်းဌာနကို ပြောပါတယ်။

ဇီယန်ရဲ့ပို့စ်ကို အကြိမ်ပေါင်း ၄၀ဝ၀ ကျော်မျှဝေခဲ့ပြီး တရုတ်နှစ်သစ်ကူးရည်းစားအဖြစ်ကြော်ငြာတဲ့ မလေးရှားအမျိုးသားတွေရဲ့ ပို့စ်တွေအကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ပါတယ်။ တခြားဖေ့စ်ဘုတ်ခ်သုံးသူ သုံးယောက် ထက်မနည်းက သူတို့ရဲ့ပရိုဖိုင်မှာအတည်မဟုတ်တဲ့ပို့စ်တွေတင်ခဲ့ကြပြီး ‘အန်ကယ်ကြီးတွေနဲ့ အာလာပသလ္လာပပြောမယ်(ဘာကြောင့်ဆို သူတို့ရဲ့ခေါင်းစဉ်အများစုက ကျွန်တော့်အတွက် ပြဿနာမဟုတ်လို့ပဲ)နဲ့ ညစာစားပွဲ နားရောက်လာတဲ့ ပိုးဟပ်၊ အိမ်မြှောင်နဲ့ တခြားပိုးမွှားတွေကို သတ်ပေးမယ်လို့ ဆိုခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*