သခင်ဖြစ်သူ သေဆုံးသွားခဲ့မှန်းမသိဘဲ 3လခန့် ဆေးရုံရှေ့မှာ သခင်ကိုအမြဲစောင့်နေခဲ့တဲ့ ခွေးလေး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝူဟန်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ Covid-19 ကူးစက်ခံရပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါအမျိုးသားရဲ့ခွေးလေးဟာလည်း သခင်ဖြစ်သူနှင့်လိုက်ပါလာခဲ့ပြီး ဆေးရုံရှေ့မှာ သခင်ကိုအမြဲရပ်စောင့်နေခဲ့ပါတော့တယ် ။ ကံဆိုးစွာနဲ့ပဲ သခင်ဖြစ်သူသေဆုံးသွားခဲ့တာကို ခွေးလေးမှာလုံးဝမသိဘဲ သခင်ကိုဆေးရုံရှေ့မှာ နေ့တိုင်းရပ်စောင့်နေခဲ့တာ 3လခန့်ရှိသွားခဲ့ပါပြီ ။

April လမှာတော့ ဆေးရုံအနီးက ကုန်စုံဆိုင်ပိုင်ရှင်ဟာ ခွေးလေးကို သတိထားမိခဲ့ပြီး ၊ ခွေးလေးကို စောင့်ရှောက်ပေးခဲ့ပါတယ် ။ ထို့အပြင် ခွေးလေးကို ” Xiao Bao ” ဆိုပြီး အမည်ပေးခဲ့ပါတယ် ။ ဆိုင်ရှင်ရဲ့ပြောပြချက်အရ ” တစ်ခါတစ်လေ ကျွန်မ တစ်နေရာရာကိုထွက်သွားခဲ့ရင် ခွေးလေးကဆိုင်ရဲ့တံခါးဝမှာ လဲအိပ်နေပြီး ၊ ကျွန်မရဲ့ဆိုင်ကို စောင့်ကြည့်ပေးနေတတ်ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဆိုပါ ဆိုင်ရှင်က ခွေးလေးကိုမွေးစားဖို့ကြိုးစားခဲ့ပေမဲ့လည်း ခွေးလေးဟာ ဆေးရုံအနီးကနေထွက်ခွာဖို့ငြင်ပယ်ခဲ့ပြီး သူ၏သခင်ကို ရှာတွေ့ဖို့သာကြိုးစားနေခဲ့တာပါ ။

ကံဆိုးစွာနဲ့ပဲ ယခုလိုကပ်ရောဂါအခြေအနေကြောင့် လူနာအချို့ဟာ ခွေးလေးကိုကြောက်ရွံနေလျက်ရှိသောကြောင့် ၊ ခွေးလေးဟာ ဆေးရုံအနီးအနားမှာ ဆက်နေခွင့်မရတော့ပါဘူး ။ ထို့ကြောင့် ဆိုင်ရှင်က ဝူဟန်မြို့မှာရှိတဲ့ တိရစ္ဆာန်တွေကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းကိုအကြောင်းကြားခဲ့ပါတယ် ။

ထို့အပြင် Xiao Bao အတွက် သခင်အသစ်ရရှိဖို့ မျှော်လင့်နေလျက်ရှိပါတယ် ။ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့အဖွဲ့ရောက်ရှိလာခဲ့ချိန်မှာတော့ Xiao Bao ဟာ ကြောက်ရွံနေခဲ့ပြီး အနားကပ်မခံပါဘူး ။ နောက်ဆုံး ဝန်ထမ်းတွေက Xiao Bao နဲ့အတူတူ စိတ်ရှည်စွာဆော့ကစားပေးခဲ့ပြီး Xiao Bao ကိုဆေးရုံရှေ့ကနေ ခေါ်ဆောင်သွားခွင့်ရခဲ့ကြပါတော့တယ် ။ သခင်ကို ပြန်တွေ့ရဖို့မျှော်လင့်နေတဲ့ ခွေးလေးရဲ့သစ္စာရှိလွန်းတဲ့အဖြစ်ဟာ ရင်နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*