စာမေးပွဲ ကျတဲ့ ကျောင်းသား တွေ အဆင်ပြေစေနိုင်မယ့် အမှတ် ချေးငှား တဲ့ ဘဏ်

စာမေးပွဲကျတဲ့ကျောင်းသားတွေ အဆင်ပြေစေနိုင်မယ့် အမှတ်ချေးငှားတဲ့ဘဏ် ( ဗဟုသုတ )

စာမေးပွဲလို့ ပြောလိုက်တာနဲ့ ကျောင်းသားအများစုရဲ့ အကြောက်ရဆုံး အိမ်မက်ဆိုးတစ်ခုဆိုတာ အားလုံးလက်ခံကြမှာပါ။ စာမေးပွဲအောင်ဖို့ ကြိုးစားရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး စာမေးပွဲကျသွားတဲ့အခါမှာ စိတ်ဓါတ်ကျဆင်းသွားတာမျိုးတွေကလည်း အမြဲတမ်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရအောင် အမှတ်ချေးတဲ့ဘဏ် ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒီစနစ်ကို ကျင့်သုံးနေတာကတော့ တရုတ်နိုင်ငံ Nanjing ဒေသက ကျောင်းတစ်ကျောင်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလလောက်က စတင်ကျင့်သုံးခဲ့တဲ့ ဒီစနစ်မှာ ကျောင်းသားအနေနဲ့ လပတ်စာပေးပွဲဖြစ်ဖြစ် လဝက်စာမေးပွဲဖြစ်ဖြစ် တစ်ဘာသာလောက် ကျရှုံးသွားမယ်ဆို အောင်မှတ်အထိရအောင် အမှတ်ကိုချေးငှားနိုင်ခွင့် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက် တော်တော်လေးကို ရေသာခိုနိုင်မယ့်စနစ်လို့ သင်ထင်သွားပြီလား။ ဒါဆိုသင့်အထင်က လုံးဝမှားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲအောင်ဖို့ အမှတ်ချေးယူထားတယ်ဆိုရင် ချေးယူထားတဲ့အမှတ်အတိုင်း နောက်လာမယ့်စာမေးပွဲတွေမှာ ပြန်လည်ဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှတ်ချေးပြီးသား ကျောင်းသားတိုင်းဟာ နောက်စာမေးပွဲတွေမှာ မဖြစ်မနေကြိုးစားရတော့မှာ ဖြစ်ပါတယ်။

စိတ်ကူးလေးက အရမ်းကောင်းတယ်လို့ဆိုရမှာပါ။ ဒီစနစ်ဟာ တစ်ကြိမ်တစ်ခါ ကျရှုံးသွားခဲ့တဲ့ ကျောင်းသားတွေကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးမှာ မဖြစ်မနေကြိုးစားရတော့မယ့်ဆိုတဲ့ တွန်းအားလေးပါနေတာကြောင့် စာမေးပွဲရလဒ်ကို ပိုထိရောက်စေနိုင်ပါတယ်။

တချို့ကျောင်းသားများကလည်း နှစ်ဝက်စာမေးပွဲမှာ ခြေချော်လက်ချော်ဖြစ်ခဲ့လို့ အမှတ်ချေးရမယ်ဆိုရင် နောက်နှစ်ဝက်မှာ စာကိုနှစ်ဆလောက်ရမှာဆိုးတာကြောင့် နှစ်စကတည်းက စာလုပ်ချင်စိတ်ဝင်အောင် ရိုက်သွင်းပြီးသားလည်း ဖြစ်စေပါတယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*