
စာသင်ချင်တဲ့ကလေးတွေကို ပလတ်စတစ်အမှိုက်တွေနဲ့ ကျူရှင်ခပေးခိုင်းပြီး စာသင်ပေးတယ်ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ စိတ်ကူးလေးလဲနော်။
Akshar Foundation ဆိုတဲ့ ပရဟိတကျောင်းလေးကို ၂၀၁၆ ခုနှစ်တုန်းက Parmita Sarma နဲ့ Mazin Mukhtar တို့နှစ်ယောက်က ဦးဆောင်ပြီး တည်ထောင်ခဲ့ကြတာပါ။ အဓိကရည်ရွယ်ချက်ကတော့ အိန္ဒိရဲ့ Assam ဒေသမှာက ဆင်းရဲချို့တဲ့ပြီး စာသင်လိုစိတ်ရှိတဲ့ ကလေးတွေကို အဓိကဦးစားပေး ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဆင်းရဲချို့တဲ့တဲ့ရပ်ကွက်ဆိုတော့ မိဘတွေရော ကလေးတွေကပါ စာသင်ဖို့ထက် တစ်ဝမ်းတစ်ခါးဖြည့်ဖို့ အလုပ်လုပ်ဖို့၊ ငွေရှာဖို့ကိုသာ အားသန်နေခဲ့ကြတာပါ။ ဒါကြောင့်လည်း တည်ထောင်သူနှစ်ယောက် ကျောင်းလေးစထောင်တုန်းကဆိုရင် အလုပ်မလုပ်ဘဲ စာလာသင်ဖို့အတွက် ကလေးတွေကို ဘယ်လိုမှ ဆွယ်လို့ကို မရခဲ့ပါဘူးဆိုပြီး Bride Side မှာ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Parmita နဲ့ Mazin တို့နှစ်ယောက်ဟာ သူတို့ရဲ့ စာသင်နည်းတွေကို ပြောင်းပစ်ရပါတော့တယ်။
အရပ်ထဲက စာရေးတတ်၊ ဖတ်တတ်တဲ့ကလေးကြီးတွေကို ကျောင်းမှာ လုပ်အားပေးဖို့အတွက် မုန့်ဖိုးပေးပြီးခေါ်ကာ အငယ်လေးတွေကိုလည်း စာသင်ခိုင်းရင်း အဲဒီအငယ်လေးတွေထဲကမှ ထူးချွန်ပြီး လိမ္မာတဲ့ ကလေးတွေကိုဆိုရင်လည်း ကျောင်းကနေပြီး မုန့်ဖိုးပေးကာဆုချပေးတဲ့ အလေ့အကျင့်လေးတစ်ခုကို ပျိုးထောင်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်မှန်တယ်လို့ ပြောရမှာပါပဲ။ အဲဒီလိုပြောင်းပစ်လိုက်တဲ့အချိန်ကစပြီး ကလေးတွေဟာ သူတို့ရဲ့ကျောင်းလေးမှာ စာအရေး၊အဖတ်တွေကို စိတ်ဝင်တစားနဲ့ လာသင်ခဲ့ကြပါတယ်။
ကလေးတွေကိုရပြီဆိုတော့ ပြဿနာရှင်းသွားပြီလို့ မထင်လိုက်ပါနဲ့ဦး။ ကျောင်းလေးကို တမူထူးခြားသွားစေတဲ့ ပြဿနာဟာ အခုမှစတာပါ။ အစကတော့ ပရဟိတကျောင်းအဖြစ် အခမဲ့စာသင်ပေးသွားဖို့ ရည်ရွယ်ခဲ့ကြပေမယ့်လို့ သူတို့ကျောင်းဆောက်ထားတဲ့ ဒေသလေးမှာက ရာသီဥတုအေးတဲ့အခါ ပလတ်စတစ်တွေကို မီးရှို့ပြီးမီးလှုံကြသတဲ့။ အဲဒီကထွက်တဲ့ ဓာတုညှော်နံ့တွေကြောင့် ကျောင်းမှာနေနေတဲ့သူတို့ရော၊ ကျောင်းမှာစာလာသင်တဲ့ကလေးတွေရောအပြင် ဒေသခံတွေပါ ဒုက္ခရောက်ကြမှာဆိုးတဲ့အတွက် တည်ထောင်သူနှစ်ယောက်ဟာ အကြံတစ်ခုကိုထုတ်ရပါတော့တယ်။ အဲဒါကတော့ ပလတ်စတစ်နဲ့ စာသင်ခတွေကိုရှင်းပြီး စာလာသင်ခွင့်လေးပါ။
အရင်ကတည်းကလည်း သူတို့အရပ်လေးဟာ ဘယ်နေရာကြည့်ကြည့်အမှိုက်တွေ၊ ပလတ်စတစ်တွေနဲ့မလို့ စာသင်ခွင့်ကိုလည်း ပတ်စတစ်နဲ့ပဲ ရှင်းလို့ရမယ်၊ နောက်ပြီး စာလာသင်တဲ့ကလေးတွေကိုလည်း မုန့်လေးတွေဝယ်စားနိုင်အောင် မုန့်ဖိုးတွေလည်း ပေးနေတယ်ဆိုတော့ ကျောင်းလေးဟာ တစ်နေ့တစ်ခြားသတင်းမွှေးကာ အခုဆိုရင်တော့ စီစီကားကားဖြစ်နေခဲ့ကြပါပြီ။ အသေးစိတ်ကို Akshar Foundation ဆိုတဲ့ Facebook page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလိုမျိုး ပလတ်စတစ်နဲ့ စွန့်ပစ်အမှိုက်တွေကြားထဲ ကျန်းမာရေးနဲ့မညီညွတ်စွာ နေထိုင်နေကြရသူတွေဟာ နိုင်ငံအနှံ့မှာရှိနေကြပါသေးတယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို အအေးသောက်ရင်သုံးနေကျ ပလတ်စတစအအေးပိုက်တစ်ပိုက် လုံးဝကြီးဆွေးမြေ့ပျက်ဆီးသွားဖို့အတွက် နှစ်ပေါင်း ဘယ်လောက်ကြာတယ်ထင်လဲ။ အအေးပိုက်လေးတစ်ချောင်းကိုတောင် ပျက်ဆီးဖို့ နှစ်ပေါင်း ၅၀၀ တောင် ကြာမြင့်ပါတယ်နော်။ ဒီအပြင် ထုတ်ခဲ့သမျှ ပလတ်စတစ်အိတ်တွေရဲ့ ၉၁% ဟာ လုံးဝကြီး recycle မလုပ်ဘဲ ဒီအတိုင်းစွန့်ပစ်ပစ္စည်းအနေနဲ့ ကုန်းပေါ်နဲ့ ပင်လယ်သမုဒ္ဒရာထဲတွေမှာပါ အန္တရာယ်ရှိတဲ့ ပမာဏတွေ ရောနှောနေခဲ့ပါပြီ။
Leave a Reply