စစ်မှုမထမ်းချင်လို့ အသက်(၈၁) နှစ်အရွယ် အမျိုးဖြစ်သူကို လက်ထပ်ခဲ့တဲ့ အမျိုးသား

ယူကရိန်းအာဏာပိုင်တွေဟာ အသက်(၂၄) နှစ်အရွယ်ရှိ အမျိုးသားနဲ့ အသက်(၈၁) နှစ်အရွယ် ဒုက္ခိတအမျိုးသမီးတို့ရဲ့ အိမ်ထောင်ရေးကို သင်္ကာမကင်းဖြစ်နေကြောင်း dailymail အရ သိရပါတယ်။ အသက်(၂၄) နှစ်အရွယ်ရှိတဲ့ ၎င်းအမျိုးသားဟာ စစ်မှုမထမ်းချင်လို့ အယောင်ဆောင်လက်ထပ်စာချုပ်ပြုလုပ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ယူဆနေကြတာ ဖြစ်ပါတယ်။ ၎င်းအမျိုးသားနာမည်ကတော့ အလက်ဇန်းဒါး ခွန်ဒရာတိုက်ခ်ဆိုသူ ဖြစ်ပါတယ်။

ယူကရိန်းမှာတော့ အမျိုးသားတွေဟာ မဖြစ်မနေ စစ်မှုထမ်းရပေမယ့် ခြွင်းချက်တွေတော့ ရှိပါတယ်။ တကယ်လို့ အမျိုးသားဟာ အိမ်ထောင်ရှင်ဇနီးသည်ကို ထိန်းသိမ်းစောင့်ရှောက်နေရတယ်ဆိုရင်၊ ၎င်းအိမ်ထောင်ရှင်မကလည်း ဒုက္ခိတဖြစ်နေကြောင်း လိုအပ်တဲ့အထောက်အထားတွေ အကုန်ပြသနိုင်တယ်ဆိုရင် စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရှိပါတယ်။

အထက်ပါစုံတွဲမှာ အသက်(၈၁) နှစ်အရွယ် အမျိုးသမီးကြီးကတော့ ဇီနိုင်ဒါ အီလာရီယိုနော့ဗ်နာဆိုသူပါ။ ဇီနိုင်ဒါဟာ အလက်ဇန်းဒါးနဲ့ အမျိုးဝမ်းကွဲတော်စပ်ပါတယ်။ သူမကတော့ အလက်ဇန်းဒါးဟာ သူမအတွက် ခင်ပွန်းကောင်းဖြစ်ပြီး သူမကို သေချာကြည့်ရှုစောင့်ရှောက်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဇီနိုင်ဒါရဲ့ အိမ်နီးချင်းတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဇီနိုင်ဒါရဲ့ အိမ်ကို ၎င်းရဲ့ တူတွေ၊ မြေးတွေနဲ့ ညီအစ်မတွေသာ ဝင်ထွက်သွားလာပြီး အခုသူမလက်ထပ်ထားတဲ့ သူမရဲ့ ယောကျ်ားဆိုသူကိုတော့ အိမ်နားတစ်ဝိုက်အလည်လာတာတောင် မမြင်ဘူးကြောင်း ထွက်ဆိုခဲ့ကြပါတယ်။


ဒါ့အပြင် အိမ်နီးချင်းတွေက ဇီနိုင်ဒါဟာ အိမ်ထဲမှာ တစ်ယောက်တည်းနေသူဖြစ်ပြီး လက်ထပ်ထားတယ်ဆိုတာဟာ စာရွက်ပေါ်မှာသာဖြစ်နိုင်ကြောင်း ပြောပြခဲ့ကြတာ ဖြစ်ပါတယ်။ အလက်ဇန်းဒါးဟာ စစ်မှုထမ်းဖို့ လူသစ်တွေခေါ်တဲ့အကြိမ်တိုင်းမှာ ၎င်းရဲ့ လက်ထပ်စာချုပ်နဲ့ ဇနီးသည်ဟာ ဒုက္ခိတဖြစ်ကြောင်း အထောက်အထားတွေပြပြီး စစ်မှုထမ်းဖို့ ရှောင်ခဲ့တာ ဖြစ်ပါတယ်။


အလက်ဇန်းဒါးကတော့ သက်ဆိုင်ရာက ဘယ်လိုပဲ သူ့အပေါ် သင်္ကာမကင်းဖြစ်နေပေမယ့် သူ့မှာ အထောက်အထားအပြည့်အစုံပြနိုင်တဲ့အတွက် ဥပဒေကြောင်းအရ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။ သူဟာ အိမ်မှာနေထိုင်သူဖြစ်တဲ့အပြင် ဇနီးသည်ကို ပြုစုစောင့်ရှောက်နေကြောင်း စာရွက်စာတမ်းအထောက်အထားတွေက ခိုင်ခိုင်မာမာရှိနေတာဖြစ်ပါတယ်။ စစ်တပ်ကတော့ လိုအပ်ရင် ဇီနိုင်ဒါရဲ့ အိမ်နီးချင်းတွေကို ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းနိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*