တိုက်တန်းနစ်သင်္ဘောနဲ့သိန်းထောင်ချီတန်ရွှေနာရီရဲ့လျို့ဝှက်ချက်

တိုက်တန်းနစ်သင်္ဘောနဲ့သိန်းထောင်ချီတန်ရွှေနာရီရဲ့လျို့ဝှက်ချက်

ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာခန့်ကတိမ်းမှောက်သွားခဲ့ပြီးအခုထိတစ်ကမ္ဘာလုံးကလူတွေပါးစပ်ဖျားမှာ အကြောင်းတိုက်ဆိုင်တိုင်းတသသပြောနေကြဆဲဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘောကြီးကိုအားလုံးမှတ်မိကြမှာပါ။ အခုတစ်ခါထွက်ပေါ်လာတာကတော့ အဲဒီသင်္ဘောကြီးနဲ့ဆက်စပ်နေတဲ့ လော့ကတ်နာရီလေးပါပဲ။ အဲဒီလော့ကတ်နာရီလေးကိုပိုင်ဆိုင်သူက ကတ်ပတိန် Arthur Rostron ပဲဖြစ်ပါတယ်။

အဲဒီနာရီလေးကိုပိုင်ဆိုင်လိုက်ပုံကလည်း အသက်နဲ့ရင်းခဲ့ရတယ်လို့ဆိုရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီးတိမ်းမှောက်ခဲ့စဉ်က Arthur Rostron ဟာ သင်္ဘောကြီးရဲ့ တာဝန်ခံ Captain တစ်ဦးမဟုတ်ခဲ့ပါဘူး။မထင်မရှား Captain လေးလို့ပြောရမှာပါ။တိုက်တန်းနစ်သင်္ဘောကြီးတိမ်းမှောက်သွားခဲ့ပြီး လူတွေရုတ်ရုတ်သည်းသည်းဖြစ်နေစဉ်မှာ အသက်ကယ်လှေတွေချပြီးပင်လယ်ထဲကိုအသက်လုပြီးပြေးကြတဲ့သူတွေထဲမှာ Arthur Rostron လည်းတစ်ဦးအပါအဝင်ပဲပေါ့။ အသက်လုပြီး အသက်ကယ်လှေထဲရောက်အောင်သွား.. ဝရုန်းသုန်းကားဝုန်းဒိုင်းကြဲနေတဲ့လူတွေ၊ရေတွေ၊ပစ္စည်းတွေ၊ဇီဝန်ခြွေမိုးသက်မုန်တိုင်းကြီးကြားမှာ လက်လှမ်းမီသမျှလူတွေကို အသက်ကယ်လှေပေါ်ဆွဲတင်ပြီး ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီးထဲရက်ပေါင်းများစွာ ရမ်းသမ်းပြီးလှော်ခတ်ခဲ့ရတာပါ။

ဒါပေမယ့် ကံကြမ္မာက Rostron ကိုမျက်နှာသာပေးခဲ့ပါတယ်။ မုန်တိုင်းကနေလွတ်ရုံတင်မက အသက်ကယ်လှေပေါ်ပါလာတဲ့၊ Rostron အသက်ကယ်ပေးခဲ့တဲ့အမျိုးသမီးသုံးဦးဟာ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီးသုံးယောက်ရဲ့ ဇနီးမယားတွေဖြစ်နေကြပါတယ်။ သူတို့ခင်ပွန်းတွေကတော့မှောက်သွားတဲ့ တိုက်တန်းနစ်ကြီးနဲ့အတူသေဆုံးသွားခဲ့ပါပြီ။ဒီတော့ မုဆိုးမအသစ်စက်စက်ဖြစ်သလို သူဋ္ဌေးမအသစ်စက်စက်လေးတွေလည်းဖြစ်သွားကြတဲ့ အမျိုးသမီးသုံးယောက် Madeline Astor, Marian Thayer နဲ့ Eleanor Widener တို့သုံးယောက်သားက Tiffany & Co က ရွှေသားအတိပြီးတဲ့ လော့ကတ်နာရီ တစ်ခုကို အသက်သခင်ကျေးဇူးရှင် Rostron ကို လက်ဆောင်ပေးခဲ့ကြပါတယ်။

Tiffany & Co က နာရီဟာ သက်တမ်းတစ်ရာကျော်ခဲ့ပြီဖြစ်ပေမယ့် တိုက်ချွတ်ဆေးကြောလိုက်တဲ့အခါမှာအသစ်အတိုင်းအလုပ်လုပ်နေဆဲဖြစ်ပြီး နာရီရဲ့အတွင်းထဲမှာမြှုပ်ထားတဲ့ကျောက်ကလေးကအစ တောက်ပလက်ပြောင်နေဆဲဖြစ်ပါတယ်။ ဒီနာရီဟာ ကာလတန်ဖိုး ပေါင်ငါးသောင်းခန့်၊မြန်မာငွေသိန်းတစ်ထောင်ခန့်ရှိတယ်ဆိုပေမယ့်လည်း လေလံသာဆွဲခဲ့မယ်ဆိုရင် သိန်းပေါင်းဘီလီယံနဲ့ချီပြီးရနိုင်ကြောင်းသိရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော တိုက်တန်းနစ်အမှတ်တရနာရီလေးကို လေလံဆွဲခဲ့ရင် ဝင်ရောက်ပြိုင်ဆိုင်ဝယ်ယူမှာလား။အမှတ်တရဆိုတာ ပြတိုက်တွေနဲ့ပဲသက်ဆိုင်တယ်လို့ထင်လား။ ပြောခဲ့ကြဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*