ကြွေပန်းအိုး ကို မတော်တဆ ခွဲမိရာက၊ ဖခင်ကြိတ်စုထားတဲ့ ငွေတွေကို တွေ့ခဲ့တဲ့သမီး

တရုတ်နိုင်ငံ Guangxi မှာ အမျိုးသမီးငယ်တစ်ဦးဟာ အိမ်မှာ အလှဆင်ထားတဲ့ ကြွေပန်းအိုးကြီးကို မတော်တဆ တိုက်ချမိရာက ကွဲစေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကြွေပန်းအိုးအကွဲကြီးကနေ ထင်မှတ်မထားဘဲ ငွေတွေ အမြောက်အများ ထွက်လာတာကို အံ့အားသင့်ဖွယ်ရာ တွေ့ခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ အခုလ အစောပိုင်းမှာ ဖြစ်ခဲ့တာပါ။ သတင်းမှာတော့ အဆိုပါ ကောင်မလေးဟာ မနက်ခင်း အိမ်မှုရေးရာလုပ်ငန်းတွေ ဆောင်ရွက်စဉ် ကြွေပန်းအိုးကြီးကို တိုက်မိခဲ့တာလို့ သိရပါတယ်။ ထိုစဉ်က မိခင်ဖြစ်သူဟာ အိပ်ယာက နိုးကာစအချိန် ရှိပါသေးသတဲ့။

ကြွေပန်းအိုးကြီးထဲကနေ ငွေတွေ တွေ့ခဲ့ရတာကြောင့် သားအမိနှစ်ယောက် အံ့သြဝမ်းသာနေပြီး၊ အလုပ်ကိုရောက်နေတဲ့ အိမ်ထောင်ဦးစီးကို မက်ဆေ့ပို့ပြီးအကြောင်းကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူ အိမ်ကို အလျှင်အမြန် ရောက်လာပြီး၊ ပျံ့ကျဲနေတဲ့ ငွေတွေကိုကြည့်ကာ မျက်နှာအနည်းငယ် ပျက်သွားတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

စုထားတဲ့ငွေတွေကို ရေတွက်ကြည့်တဲ့အခါ ယွမ်(၅၀၀၀)လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေကို ဖခင်ဖြစ်သူက အပြင်မှာ စာရိတ်ချွေတာစားသောက်ရင်း စုဆောင်းလာခဲ့တာပါ။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် အထိုက်အလျှောက်တော့ အဆင်ပြေစေမယ့် ပမာဏပါ။

ဒီငွေတွေကို (၂၀၀၆)ခုနှစ်က အိမ်ဝယ်ပြီးကတည်းက စုခဲ့တာလို့ သိရပါတယ်။ တစ်ခြားရည်ရွယ်ချက်အတွက် စုဆောင်းခဲ့တာ ဟုတ်ပုံမရပါဘူး။ အိမ်စာရိတ်အတွက်၊ ဒါမှမဟုတ် ပိုက်ဆံစုရတာ ဝါသနာပါတဲ့ ခင်ပွန်းသည်က သူ့ဘာသာ ဘာသိဘာသာ ကြိတ်စုခဲ့တာလို့ ယူဆရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*