အဖော်ကွဲနေတဲ့ဝက်ဝံမောင်နှမ ပြန်တွေ့တော့ လူတွေလို ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက်ကြ

အောက်ဖော်ပြပါ ဝက်ဝံနှစ်ကောင်ဟာ တစ်မိတည်းဖွား မောင်နှမတွေဖြစ်ကြပြီး၊ တောထဲမှာ မျက်စိလည် လမ်းမှားကာ အချင်းချင်း ကွဲသွားခဲ့ကြပါတယ်။ ရက်ပိုင်းကြာတဲ့အထိ တစ်ကောင်နဲ့တစ်ကောင် မတွေ့ရဘဲ အစာရှာရင်း၊ တောတိုးရင်းနဲ့ ပိုပြီး အဆက်သွယ်ပျက်သွားခဲ့ကြပါတယ်။


ဒီအဖြစ်အပျက်ဟာ Alaskan ဘေးမဲ့တောထဲမှာ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဝက်ဝံနှစ်ကောင် ပြန်ဆုံတွေ့ကြတဲ့အခါ သာမန်လို တုံဏှိဘာဝေ၊ ဆိတ်ဆိတ်နေပြီး နှုတ်ဆက်တာမျိုးမဟုတ်ဘဲ ဝမ်းသာအားရ ပြေးဖက်ကြပါတယ်။ ဒီအဖြစ်အပျက်ကို ဓာတ်ပုံဆရာ Shayne McGuire က Lake Clark တောစပ်အနီးမှာ တွေ့ရှိပြီး မှတ်တမ်းတင်ခဲ့တာပါ


Shayne က ” ဒီနှစ်ကောင်က မိခင်ကြီးက နို့ခွဲထားတာ ကြာပြီမို့ တောထဲမှပဲ ကိုယ့်ဝမ်းကိုယ်ကြောင်းနေကြတာပါ … တစ်ကောင်နဲ့တစ်ကောင် စလိုက်နောက်လိုက်နဲ့ သိပ်ချစ်ခင်ကြတယ် … ဒါပေမယ့် အစာရှာရင်း ကွဲသွားခဲ့ကြပါတယ် … အခု အထီးက သူ့ညီမကို အရင်တွေ့သွားတာပါ .. မြင်မြင်ချင်းပဲ ဝမ်းသာအားရ ပြေးပွေ့ပြီး၊ ဖက်နေကြတာ သိပ်ချစ်စရာကောင်းပါတယ် “လို့ ပြောခဲ့ပါတယ်။


Alaskan ဘေးမဲ့တောဟာ အမေရိကန်ရဲ့ ဝက်ဝံကောင်ရေ အများဆုံး ပျော်စံရာ တောအုပ်ကြီးဖြစ်ပြီး၊ ဝက်ဝံညို၊ မြင်းချေးရောင်ဝက်ဝံ ကောင်ရေ 30000 ခန့် ရှိမယ်လို့ ခန့်မှန်းရကြောင်း သိရပါတယ်။ ဝက်ဝံညိုကို အဓိကအားဖြင့် ဥရောပအာရှ တစ်လွှားမှာ တွေ့ရပြီး၊ မြင်းချေးရောင်ဝက်ဝံကတော့ အမေရိက၊ စပိန်၊ အီတလီ၊ စသင်ဒီနေဗီးယန်းနဲ့ ဥရောပ အရှေ့ဖျားပိုင်းမှာသာ တွေ့ရတတ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*