ကလေးမွေးမှ ကိုယ်ဝန်ရှိနေမှန်းသိရတဲ့အမျိုးသမီး

တစ်ခါတလေ ထူးဆန်းအံ့သြတာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ တစ်ချို့သောကိစ္စရပ်များဟာ ထူးဆန်းတာထက်ကိုပိုနေတာတွေ အများကြီး ရှိပါတယ်။ အခုပဲ ကြည့်လေ။ အသက်(၂၂) အရွယ်သာ ရှိသေးတဲ့ Klara Dollan ဆိုတဲ့ အမျိုးသမီးဟာ ကလေးမွေးတဲ့အချိန်ကျမှ သူမဟာ ကိုယ်ဝန်ဆောင်ခဲ့မှန်း သိပါသတဲ့။ ဒါကလည်း သူမမှာ အကြောင်းပြချက်တွေ ရှိပါတယ်။

ကိုယ်ဝန်ရှိတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ နေမကောင်းဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခါးနာခြင်း၊ ကိုယ်ဝန်ရင့်မာလာတဲ့အခါ ကလေးငယ်က ဝမ်းဗိုက်နံရံကို ကန်ခြင်း-စတာတွေ မဖြစ်ခဲ့တော့ သူမအနေနဲ့မရိပ်မိခဲ့တာလို့ ဆိုပါတယ်။ ဒါကလည်း ဖြစ်နိုင်ဖွယ် ဆင်ခြေပါဘဲ။ ဒါပေမယ့် အတွေ့အကြုံနဲ့လည်း ဆိုင်ပါလိမ့်မယ်။ မြန်မာစကားလေးတောင် ရှိသေးတယ်။

အပျိုဗိုက်မို့ မသိသာတာပါ-ဆိုတာလေ။ ဒီကိုယ်ဝန်ဟာ သူ့ချစ်သူဟောင်း Kris နဲ့ ရခဲ့တာလို့တော့ တိတိလင်းလင်း ဝန်ခံခဲ့ပါတယ်။ Kris နဲ့ သူမဟာ ဒီကလေးကို မမွေးဖွားခင် ငါးလအကြာက လမ်းခွဲခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ခန္ဓာကိုယ်အလေးချိန်ဟာ 28 ပေါင်အထိ တက်ခဲ့လို့ အစားအသောက်တွေကိုတောင် ဆင်ခြင်ခဲ့မိတယ်လို့ ဆိုပါတယ်။

6 ပေအမြင့်ရှိတဲ့ အရပ်အမောင်း ထောင်ထောင်မောင်းမောင်းနဲ့ Klara ဟာ သူမချစ်သူနဲ့ လမ်းခွဲပျက်ဆဲပြီးနောက်ပိုင်းမှာသာမာန်ပုံစံအတိုင်း အလုပ်သွားလိုက် အိမ်ပြန်လိုက်နဲ့ ဘဝကို ကြင်လည်နေခဲ့ပါတယ်။ ဒီကြားထဲမှာ ထူးထူးခြားခြား ဝလာတယ်လို့ ကိုယ့်ဘာသာ ခံစားမိခဲ့တာက လွဲပြီး အခြား မည်သူတစ်စုံတစ်ယောက်ကမျှ သူမကို ကိုယ်ဝန်ရှိတဲ့ပုံပေါက်နေတယ်ဆိုပြီး သတိပေးပြောကြားတာမျိုးလည်း မရှိပါဘူး။ ဒါဟာ သူမရဲ့ မြင့်မားလှတဲ့ အရပ်မောင်းကြောင့် ဗိုက်က သိပ်မပေါ်လွင်တာမို့ ပတ်ဝန်းကျင်အမြင်ကလည်း သာမန်ဝလာတာလို့ ထင်ကောင်း ထင်ခံရနိုင်ပါတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ အလုပ် အစည်းအဝေးကနေ အိမ်ကို ပြန်ခဲ့ပါတယ်။ အိမ်ကို ရောက်တဲ့အခါမှာ အခန်းဖွင့်စရာ သော့ပျောက်နေလို့ သော့ပြင်ဆရာကို ခဏစောင့်နေတုန်း တစ်နာရီလောက်အကြာမှာ ဗိုက်ထဲကနေ ထိုးပြီးနာကျင်လာတာကြောင့် (အိမ်သာတက်ချင်တာပဲထင်ပြီး) အိမ်သာထဲကို ဝင်ခဲ့ပါတယ်။ သူမဟာ တံခါးခေါက်သံကြားတော့ ထဖွင့်ပေးမယ်လုပ်ဆဲမှာ ကိုယ်ဝန်ဟာ ရေအိမ်ပေါက်တဲ့အဆင့်ကို ရောက်ပြီး သွေးတွေဒလဟော ဆင်းခဲ့ပါတယ်။

Klara က ဒီကိစ္စနဲ့ပတ်သက်ပြီး ” ကျွန်မ တံခါးခေါက်သံကြားလို့ ဖွင့်ပေးမလို့ အထမှာ သွေးတွေဒလဟော ဆင်းလာခဲ့ပါတယ် … အိမ်နီးနားချင်းတစ်ယောက်ဟာ အတွင်းကို ဝင်ပြီး ကျွန်မကို အကူအညီပေးဖို့လုပ်တော့ ကျွန်မက လူနာတင်ကား ခေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ် … ဒါပေမယ့် ဗိုက်ထဲမှာဖြစ်နေတဲ့ မခံမရပ်နိုင်စရာ နာကျင်မှုကြောင့် အားကုန်ညှစ်မိတဲ့အခါ …ခေါင်းထွက်လာပါတယ်

… အဲဒီအချိန်မှာ ကျွန်မ နာကျင်မှုကြားထဲက အံ့သြလွန်းလို့ အပြင် ကော်ရစ်တာဘက် ရောက်နေတဲ့ အိမ်နီးချင်းအဖော်ကို … ‘ဟာ ကလေးလေးပါလား … အို ဘုရားသခင် …. ကလေးလေးပါလား ‘ လို့ စူးစူးဝါးဝါး အော်လိုက်မိပါတယ် …” လို့ MailOnline သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ရယ်သွမ်းသွေးကာ ပြောကြားခဲ့ပါတယ်။ Klara ဟာ အခုအချိန်မှာ 7 ပေါင် အလေးချိန်ရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ သမီးငယ်လေးတစ်ယောက်နဲ့အတူ မမျှော်လင့်မိတဲ့ မိခင်ဘဝမှာပျော်ရွှင်နေရှာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*