ကြောက်မက်ဖွယ်လေယာဉ်ခရီးစဉ်မှာချစ်သူတွေဖြစ်သွားတဲ့ ကောင်လေးနဲ့ ကောင်မလေး

တစ်ခါတစ်လေတော့ ဖူးစာလူးလာ ဒူးကာလို့မရဆိုတဲ့ ဟို မြန်မာကားနာမည်လို နဖူးစာရွာလည်တဲ့ အဖြစ်အပျက်တွေဆိုတာ တကယ်ရှိတတ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာကလည်း ထူးဆန်းတယ်လို့ အားလုံးက လက်ခံထားကြတယ်ဆိုရင်မမှားပါဘူး။ တစ်ခါတစ်ရံ ကိုယ်ချစ်တယ်ထင်တဲ့လူတွေ တစ်သက်လုံးလက်တွဲသွားတော့မယ်ထင်တဲ့လူတွေနဲ့အကြောင်းအမျိုးမျိုးကြောင့်လွဲချော်သွားတတ်တဲ့သာဓကတွေကလည်း ကမ္ဘာအနှံ့မှာနေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာပါ။ မြားနတ်မောင် ကျီစားတတ်ပါတယ်။မြားနတ်မောင်ဟာ ကိုယ်ဘယ်လိုမှမထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာမထင်မှတ်ထားတဲ့လူနဲ့ ဗြုန်းဆိုချစ်သူဖြစ်ခိုင်းလိုက်တဲ့အကွက်တွေလည်းထုတ်သုံးတတ်ပါသေးတယ်။

မကြာခင်ကမှ ကမ္ဘာနဲ့ချီပြီးဟိုးလေးတကျော်နဲ့ ချစ်သူတွေဖြစ်သွားကြတဲ့ တရုတ်ပြည်က ကောင်လေးနဲ့ကောင်မလေးဟာလည်း မြားနတ်မောင်ရဲ့ အဲဒီပြောင်မြောက်တဲ့အကွက်အောက်မှာအစင်းသားမိသွားကြပုံပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်လုံးဝမသိတဲ့ အခြေအနေကနေ လေယာဉ်တစ်စီးတည်းအတူတူစီးမိပြီး ချစ်သူဖြစ်သွားကြတာပါ။ လေယာဉ်ပေါ်မတက်ခင်က သူစိမ်းနှစ်ယောက်ဟာ လေယာဉ်ပေါ်ကပြန်အဆင်းမှာတော့ သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်နေကြပါပြီ။ ဖြစ်ပုံကတော့ ဒီလိုပါ။

Xu Zhewei နဲ့ Liu Yudan တို့နှစ်ယောက်ဟာ ထိုင်ဝမ်ကနေ တိုင်ပေကို လေယာဉ်တစ်စီးတည်းအတူတူစီးမိခဲ့ကြပါတ ယ်။ လေယာဉ်မထွက်ခင်မှာ ခရီးဆောင်အိတ်ကိုသတ်မှတ်နေရာထဲထည့်ဖို့ မဆံ့လို့ ဒုက္ခများနေတဲ့ Liu က Xu ကို အကူအညီတောင်းရာကနေပြီးသူတို့နှစ်ယောက်က စတင်သိကျွမ်းခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်မှာ ကောင်မလေး (Liu Yudan) က ကောင်လေးနဲ့နီးတဲ့ အလည်ကခုံကိုပြောင်းထိုင်ပြီး စကားတပြောပြောနဲ့ပါလာခဲ့တယ်ဆိုပါတယ်။ သိပ်မကြာခင်မှာတော့ Liu က ပင်ပန်းနေဟန်နဲ့ သူမရဲ့ ညအိပ်တဲ့ မျက်လုံးပိတ်အစွပ်ကို စွပ်ပြီးအိပ်ပျော်သွားခဲ့ပါတယ်တဲ့။

သိပ်မကြာခင်မှာပဲ လေယာဉ်က ရုတ်တရက် လေဖိအားမငြိမ်ပဲ လေထဲမှာယိမ်းထိုးသွားခဲ့တာကို နှစ်ယောက်လုံးခံစားလိုက်ရပါတယ်။ ကြောက်မက်ဖွယ် ယိမ်းထိုးနေမှုကြီးနဲ့ လေပြင်းတွေတိုက်ခတ်မှုဟာ မိနစ်ပေါင်းများစွာကြာခဲ့ပြီး အဲဒီအချိန်မှာ Xu က ဘေးမှာကြောက်နေတဲ့ Liu ကို လက်ကလေးကို ငြင်သာစွာ ကိုင်ပြီး မကြောက်ပါနဲ့လို့ အားပေးနေခဲ့တယ်လို့ပြောထား့ပါတယ်။ Xu ရဲ့ လူမှုကွန်ယက်ပေါ်တင်ထားတဲ့ Post မှာအဲဒီအချိန်က ကျွန်တော်သူ့ကို ရုတ်တရက်ကာကွယ်ပေးချင်လာတယ်။သူဘေးကင်းဖို့ပဲစိတ်ထဲမှာရှိတယ် လို့ လည်းရေးထားပါသေးတယ်။ အဲဒီနောက်မှာတော့ သိကြတဲ့အတိုင်း သူတို့နှစ်ယောက်ဟာ မြန်မြန်ဆန်ဆန်ပဲ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။

နှစ်ယောက်လုံးရဲ့ ခရီးဆုံးမှတ်တိုင် တိုင်ပေလေဆိပ်ကိုရောက်တဲ့အချိန်မှာ Xu က ချစ်သူအသစ်စက်စက်လေးအတွက် အစစအရာရာဂရုတစိုက်လုပ်ပေးပြီး သူတို့နှစ်ယောက်ဟာ သိပ်မကြာခင်မှာပဲ Facebook ပေါ်မှာ RS တင်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ နှစ်ယောက်သား ကြင်နာစွာနဲ့ ခရီးတွေအတူတူထွက်ခဲ့တယ်လို့လည်းသိရပါတယ်။ Xu က ခရီးသွားရင်း ချစ်သူချောလေးကောက်ရလိုက်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာဓာတ်ပုံလေးတွေတင်ထားခဲ့ပြီး အင်တာနက်အသုံးပြုသူတွေက အံ့သြတကြီးနဲ့ အားကျနေပြီး ဝိုင်းshare လိုက်ကြတာ တစ်ကမ္ဘာလုံးမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တာပါ။ ခရီးသွားဟန်လွှဲချစ်သူချောချောလေးရလိုက်တာ ခေသူမဟုတ်လို့ အဓိပ္ပါယ်ရတဲ့ comment တွေလည်း ပလူပျံလာခဲ့ပါတယ်။

Xu ရဲ့ ဖြစ်ရပ်ကို တစ်ကမ္ဘာလုံးက အားကျနေကြပြီး အဲဒီလိုချစ်သူတွေဖြစ်တာ သူတို့နှစ်ယောက်စလုံးက ပြစ်မျိုးမှဲ့မမထင်ချောတဲ့လူတွေအချင်းချင်းမို့လို့ပါလို့ ဝေဖန်ပြောဆိုတဲ့လူတွေလည်းရှိနေပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော သွားရင်းလာရင်းနဲ့အဲဒီလို ရည်းစားကောက်ရဖူးကြလား။ ရည်းစားရောရှိကြလား။ မရှိရင်လည်း လေယာဉ်လေးဘာလေးစီးဖို့ အကြံပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*