
သခင်ပြန်လာမယ်အထင်နဲ့ လမ်းမကြီးတခုရဲ့ဘေးမှာ စောင့်နေခဲ့တဲ့ ထိုင်းနိုင်ငံမှ ခွေးမလေးတကောင်ရဲ့ သတင်းဟာ တိရစ္ဆာန်ချစ်သူတွေရဲ့ စိတ်နှလုံးထဲထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒီသတင်းဟာ ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးနောက်မှာ ထိုင်းအခြေစိုက် ဒေးလီးနယူးစ်သတင်းမှ သတင်းထောက်တွေက သွားရောက် သတင်းရယူခဲ့ကြတာပါ။
အဆိုပါခွေးမလေး စောင့်နေခဲ့တဲ့နေရာဟာ ချန်သဘူရီခရိုင်၊ ခွန်ဘမ်ဒေသမှ ထရက်တ်လမ်းမကြီးပေါ်မှာဖြစ်ပြီး ၃ နှစ်အရွယ် ခွေးမလေးဟာ အထီးကျန်စွာ မိုးရေထဲမှာ စောင့်ဆိုင်းနေခဲ့တာကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ခွေးမလေးဟာ လမ်းဘေးမှာ နေစရာရှာပြီး နေနေခဲ့ကာ လမ်းသွားလမ်းလာတွေ ကျွေးတဲ့ အစားအစာတွေကို လက်ခံပေမယ့် သူ့ကို ဘယ်သူကမှ မွေးစားဖို့ ခေါ်လို့မရခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သခင့်အလာကို ဇွဲနပဲနဲ့ စောင့်နေခဲ့တဲ့ ခွေးမလေးဟာ အွန်လိုင်း နာမည်ကျော် ဖြစ်လာခဲ့ပြီး သူ့ကို အစားအစာတွေ သွားကျွေးကြတာတွေ၊ ဓာတ်ပုံရိုက်ကြတာတွေနဲ့အတူ သူ့ရဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မျှဝေမှုတွေ လုပ်နေကြတာပါ။
အဆိုပါခွေးမလေးဟာ အဲဒီနေရာမှာ သခင့်အလာကို စောင့်နေခဲ့တာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ဖြစ်တယ်လို့ အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ဆီဝါပလွိုင် ရီရွန်ချိုင်ချော့ခ်က ပြောပါတယ်။
ခွေးမလေးဟာ ဒီဒေသခံမဟုတ်ဘဲ ယာဉ်တစီးရဲ့ နောက်ဘက်က ထွက်ကျကျန်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ပိုင်ရှင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို တယောက်မှ မသိကြဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ခုလို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကတဆင့် စိတ်ဝင်စားမှုတွေ ပိုပြီးရရှိခဲ့တဲ့နောက်မှာတော့ ခွေးမလေးနဲ့ သူ့ရဲ့သခင်ဟာ ပြန်ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆီဝါပလွိုင် ရီရွန်ချိုင်ချော့ခ်က ပြောပါတယ်။
Leave a Reply