ရောဂါပိုးကင်းစင်အောင်ဆိုပြီး ပိုက်ဆံတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ခဲ့တဲ့ အမျိုးသား

တောင်ကိုရီးယားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကပ်ဆိုးအတွေ့အကြုံအရ ပိုက်ဆံတွေမှာ ရောဂါပိုး ကပ်ပါလာမယ်အထင်နဲ့ အဝတ်လျှော်စက်ထဲကို အဲဒီပိုက်ဆံတွေ ထည့်ပြီးလျှော်ခဲ့ပါတယ်။ ပိုက်ဆံဆိုတာ အဝတ်ကဲ့သို့ ချည်တွေ၊ နိုင်လွန်တွေနဲ့ ယက်လုပ်ထားတဲ့ မဟုတ်တဲ့အတွက် အဲဒီနည်းက အဆင်မပြေစေပါဘူး။


AP သတင်းမှာတော့ ကာယကံရှင်ရဲ့အမည်ကို Eom လို့သာ အမည်လွှဲနဲ့ ဖော်ပြထားပါတယ်။ အဓိကအားဖြင့်တော့ အဆိုပါ ကာယကံရှင်အနေနဲ့ Cyberbullying ကို ရှောင်ရှားနိုင်ဖို့ သတင်းစာတွေက ရည်ရွယ်ပါတယ်။ အခုခေတ်က လိုင်းပေါ်တင် Blame သူတွေက များလာလို့ လိင်ကိုတောင် He or She လို့သာ မတင်မကျ ဖော်ပြထားပါတယ်။

ကာယကံရှင် Eom ဟာ ဆိုးလ်မြို့အနီး၊ အန်ဆန်မှာ နေထိုင်ပါတယ်။ သူဟာ ဝမ်(၅၀,၀၀၀)ကို အဝတ်လျှော်စက်ထဲ ထည့်ပြီးလျှော်ခဲ့တာပါ။ ကာလတန်ဖိုးအားဖြင့်တော့ (၄၂)ဒေါ်လာဝန်းကျင်ပဲ ရှိပေမယ့်၊ ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပါ။ ဆိုရရင် ပိုက်ဆံတွေအကုန်လုံးနီးပါး ပျက်စီးကုန်ပါတော့တယ်။
ဒီလူအဖို့ ဒီထက်ပမာဏများများ မဖျက်ဆီးမိတာကိုက ကံကောင်းတယ်လို့ ဆိုရပါမယ်။ သူဟာ ဘဏ်ကိုသွားပြီး ငွေစက္ကူအသစ်နဲ့ လဲလို့ရမလားဆိုပြီး အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံတွေက အတော်လေးကို ပျက်စီးနေတဲ့အတွက် လဲလှယ်ပေးလို့မရကြောင်း Bank of Korea က ငြင်းချက်ထုတ်ပြန်ခဲ့ပါတယ်။

ပျက်စီးဆုတ်ပြဲတဲ့ ငွေတွေ၊ ညစ်ညမ်းနေတဲ့ ငွေစက္ကူတွေကို အသစ်လဲလှယ်ရာမှာ ဘဏ်ရဲ့စည်းမျဉ်းအသစ်အရ လူတစ်ဦးချင်းစီအတွက် ပျက်စီးညစ်ညမ်းငွေ လဲလှယ်ရာမှာ ကိုရီးယားဝမ် (၂၃)သန်းအထိ လဲလှယ်ခွင့်ရှိကြောင်း သိရပါတယ်။ ပမာဏအားဖြင့် ဒေါ်လာ (၁၉၃၂၀)လောက်အထိ လဲလှယ်ပေးတဲ့သဘောပါ။

အခုပျက်စီးခဲ့တဲ့ ဝမ်(၅)သောင်းမှ ထက်ဝက်တန်ဖိုးဖြင့် လဲလှယ်နိုင်တဲ့အရေအတွက်မှာ (၅၀၇)ဝမ်သာရှိကြောင်း၊ အခုဖြစ်စဉ်မှာ ပျက်စီးဆုံးရှုံးမှုက များလွန်းတဲ့အတွက် ဘဏ်က ငွေကောက်ခံခဲ့ခြင်းမရှိကြောင်း ဘဏ်တာဝန်ရှိသူ Seo Jee Woun က ပြောပါတယ်။
Jee Woun ရဲ့အပြောအရတော့ ကာယကံရှင်ယူလာတဲ့ ပိုက်ဆံတွေဟာ ဘယ်လောက်အထိ ရှိတယ်ဆိုတာ သူမတို့ အတိအကျမသိရကြောင်း ဆိုပါတယ်။ အကြောင်းကတော့ ပိုက်ဆံတွေဟာ အလွန်ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့အတွက် တကယ်လဲလှယ်လို့ရမယ့် ပိုက်ဆံတွေကိုသာ ရေတွက်ခဲ့တာမို့ပါတဲ့။

Eom ရဲ့အဆိုအရ ဒီပိုက်ဆံတွေဟာ ဆွေမျိုးတွေက နာရေးထောက်ပံ့ထားတဲ့ငွေလို့ ဆိုပါတယ်။ ကြည့်ရတာကတော့ သူရဲ့မိသားစုဝင်တစ်ဦးဦး ဆုံးပါးထားလို့ ဆွေမျိုးတွေက ဝိုင်းဝန်းထောက်ပံ့တဲ့ငွေ ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုလုပ်မယ်ဆိုရင် စဉ်းစားဆင်ခြင်ဖို့ သင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*