အတိတ်မေ့နေတဲ့ဇနီးသည် ပြန်သတိရလာအောင် စာအုပ်တစ်အုပ်ရေးသားခဲ့တဲ့ ခင်ပွန်း

စတိဗ်နဲ့ ကမ်ရီကာတိုတို့ ဇနီးမောင်နှံဟာ အတူလက်တွဲလာခဲ့ကြတာ (၁၀) နှစ်တာ အချိန်ကြာအောင် ရှိနေပါပြီ။ ဒါပေမယ့် ကမ်ရီဟာ ကိုယ်ဝန်ဆောင်ကလေးမီးဖွားချိန်အတွင်းမှာပဲ သူမရဲ့ မှတ်ဉာဏ်တွေအားလုံး ပျောက်ဆုံးခဲ့ပါတယ်။ ဒီအတွက် ဇနီးသည်ကို ယခင်သူတို့အတူတူရှိတုန်းက အတိတ်အကြောင်းတွေကို ပြန်လည်အမှတ်ရမိစေဖို့အတွက် စတိဗ်ဟာ စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။


စတိဗ်ဟာ ဒီစာအုပ်ကို သူတို့မင်္ဂလာနှစ်ပတ်လည် (၄) နှစ်မြောက်မှာ ဇနီးသည်အတွက် သီးသန့် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ကမ်ရီကတော့ “ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာမှန်သမျှက ကျွန်မတို့နှစ်ယောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကျွန်မမမှတ်မိလိုက်ပဲ လွတ်သွားတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်ရတာ အရမ်းနှစ်ခြိုက်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ခံစားချက်တွေက ရောပြွန်းနေတယ်။ စာအုပ်ထဲမှာတော့ ကျွန်မတို့နှစ်ယောက်အကြောင်း စတိဗ်က ရေးထားတာပဲ။ ဒါပေမယ့်လည်း ကျွန်မ မမှတ်မိတာတော့ တော်တော်လေး ဆိုးလွန်းပါတယ်…” လို့လည်း ပြောပြခဲ့ပါသေးတယ်။


ကမ်ရီဟာ ကိုယ်ဝန်ဆောင်နေတုန်း ကိုယ်ဝန်ပတ် (၃၃) ပတ်လောက်မှာ အသက်ရှူရခက်ပြီး လည်ပင်းယောင်လာခဲ့ပါတယ်။ ဆေးရုံရောက်တော့ ကမ်ရီဟာ တက်သွားတာကြောင့် အရေးပေါ်ခွဲစိတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပြီးတဲ့အခါ သူတို့နှစ်ဦးရဲ့ ရင်သွေးလေး ဂါဗင်ကို (၄) ပေါင်ကျော်လေးနဲ့ ခွဲမွေးဖြစ်ခဲ့ပါတယ်။


ကမ်ရီဟာ အတက်ရောဂါအပြင် ဦးနှောက်ရဲ့ အပိုင်းနှစ်ပိုင်းစလုံးကို ထိခိုက်စေတဲ့ လေရောဂါကို ပါ ခံစားလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ရေတို၊ရေရှည် မှတ်ဉာဏ်နှစ်မျိုးစလုံးဟာ ပြဿနာ ဖြစ်လာပါတယ်။ ကမ်ရီခံစားနေရတဲ့ဝေဒနာဟာ ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့အပြင် လက်ရှိမှတ်ဉာဏ်ရော အတိတ်မှတ်ဉာဏ်တွေပါ မမှတ်မိနိုင်တော့တာ ဖြစ်ပါတယ်။


ကလေးမီးဖွားအပြီးမှာတော့ ကမ်ရီဟာ ရက်(၃၀) ကြာဆေးရုံမှာနေခဲ့ရပြီး ဂါဗင်လေးကတော့ (၃၆) ရက်ကြာ ဆေးရုံမှာ နေခဲ့ရပါတယ်။ စတိဗ်ကတော့ ကမ်ရီဟာ ဆေးရုံကဆင်းဆင်းချင်းမှာ ခုမှမွေးလာတဲ့ ကလေးတစ်ယောက်လိုပဲ ဘာဆိုဘာမှ မမှတ်မိတော့ကြောင်း ပြောပြပါတယ်။ သူမနေမကောင်းဖြစ်နေတဲ့အချိန်အတွင်းမှာတော့ စတိဗ်ဟာ ဂါဗင်လေးကို သူပဲစောင့်ရှောက်ပြီး ကမ်ရီကိုတော့ မိဘအိမ်မှာ သွားနေစေခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ်ရီဟာ တဖြည်းဖြည်းနဲ့ သတိရလာပြီဖြစ်ကာ စတိဗ်နဲ့ ဂါဗင်တို့ကို မှတ်မိနေပြီဖြစ်လို့ သိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*