
ကိုလံဘီယာနိုင်ငံက အသက်(၁၇)နှစ်အရွယ် Sharik Tovar အမည်ရ ကောင်မလေးဟာ ထူးဆန်းလွန်းတဲ့ အဖျားရောဂါကြောင့် တစ်ခါအိပ်ရင် နှစ်လလောက်ထိ ကြာတတ်ပါသတဲ့။ ဒီအတောအတွင်းမှာ Tovar ရဲ့မိခင်က သူမကို အစားအစာကို အရည်ပြုလုပ်ပြီး နှစ်နာရီခြားတစ်ခါ ကျွေးရပါတယ်။
Tovar ကို မီဒီယာတွေက Sleeping Beauty လို့ တင်စား ဖော်ပြနေကြပါတယ်။ Tovar ဟာ Kleine-Levin syndrome လို့ခေါ်တဲ့ ရှားပါးရောဂါကို ခံစားနေရပြီး၊ တစ်ခါတလေမှာ ဒီရောဂါကြောင့် သူမဟာ မှတ်ဉာဏ်များဆုံးရှုံးခြင်းတွေ ရှိနေပါတယ်။ သူမကို အနီးကပ်စောင့်ရှောက်နေသူကတော့ Marleny Tovar ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ Tovar ကဲ့သို့ ဖြစ်စဉ်မျိုးဟာ (၄၀)ခန့်သာ ဖြစ်ဖူးသေးတယ်လို့ သိရပါတယ်။ ဒေသခံသတင်းမီဒီယာနဲ့ မိခင် Marleny ရဲ့ တွေ့ဆုံစဉ်မှာ သူမက “ ပြီးခဲ့တဲ့နှစ် ဇွန်လက (၄၈)ရက်လောက် ဆက်တိုက်အိပ်ပြီးတော့ မှတ်ဉာဏ်တွေ ပျောက်ကုန်တယ် … ကျွန်မက ဘယ်သူလဲလို့ မေးတယ် ”လို့ ပြောပါတယ်။
မိခင် Marleny ကတော့ Tovar ဒီလိုအခြေအနေဖြစ်ချိန်မှာ သင့်တော်တဲ့အစားအစာတွေ ကျွေးဖို့၊ လိုအပ်ရာတွေ ထောက်ပံ့နိုင်ရေးအတွက် EPS Capital Salud အဖွဲ့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ နောက်ပြီး Tovar ဟာ အရေးပေါ်အာရုံကြောကုသဖို့လည်း လိုအပ်နေပါတယ်။ လောလောဆယ်တော့ EPS Capital Salud အဖွဲ့က ထောက်ပံ့မှုမလုပ်တာ (၂)လ ရှိပါပြီ။
ဒီရောဂါခံစားနေရတဲ့ Tovar ဟာ တစ်ခါဖြစ်ရင် အနည်းဆုံး (၂)လလောက် ကြာတတ်ပါတယ်။ နောက်ပြီး Marleny တို့ မိသားစုဟာ နေဖို့အိမ်တစ်လုံးလည်း လိုအပ်နေပြီး၊ လက်ရှိအချိန်မှာ သူမဟာ အလုပ်ကလည်း ထွက်ထားရလို့ အိမ်ငှားခစာရိတ်အပြင်၊ သမီးရဲ့ဆေးဖိုးကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ဟာ စည်ပင်တိုက်ခန်း လိုချင်နေတာပါ။
Acacias မြို့တော်ဝန် Orlando Gutierrez က Marleny တို့မိသားစုကို အိမ်တစ်လုံးစီစဉ်ပေးမယ့်အကြောင်း ကတိပေးထားပါတယ်။ သူက ဒေသခံမီဒီယာ Noticias Caracol နဲ့ တွေ့ဆုံစဉ်မှာ ကတိပေးအာမခံခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Marleny တို့မိသားစုဟာ အခက်အခဲတွေရင်ဆိုင်နေရပြီး၊ ကူညီမယ့်သူ မျှော်နေပါတယ်။
Leave a Reply