
ဒီအဖြစ်အပျက်လေးကတော့ ဆက်ဖီဓာတ်ပုံရိုက်ရတာ ၀ါသနာပါသူတွေအတွက် သတိထားဆင်ခြင်နိုင်ဖို့ သင်ခန်းစာယူစရာမို့ တင်ပေးလိုက်တာပါ။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖုန်းနဲ့ ဆက်ဖီရိုက်ကူးပြီး လူမှုကွန်ရက်တွေကနေ Live လွှင့်တာတွေခေတ်စားလျက်ရှိတာကြောင့် စွန့်စွန့်စားစားအထပ်မြင့်တွေနဲ့ အန္တရာယ်များတဲ့ဆက်ဖီရိုက်ကူးမှုတွေကလည်း အသက်ဘေးကို ခြိမ်းခြောက်လာကြပါတယ်။
အိန္ဒိယနိုင်ငံက အသက်(၂၂)နှစ်အရွယ် ဆီဗာဆိုသူ အမျိုးသားတစ်ဦးဟာ သူနေထိုင်ရာ Hyderabad မြို့နားက ရထားလမ်းတစ်ခုနားမှာ ဆက်ဖီရိုက်ကူးနေုတုန်း သေခါနီးဆဲဆဲဖြစ်သွားခဲ့တာပါ။
လူမှုကွန်ရက်မှာ ပျံ့နေတဲ့ သူ့ရဲ့ အဆိုပါထိတ်လန့်ဖွယ် ဗီဒီယိုအပိုင်းတိုလေးတစ်ခုမှာ ဆီဗာ ဟာ သူ့အနောက်က ရထားလာနေချိန် အချိန်လုပြီး ရိုက်ကူးခဲ့ပေမယ့် အဲ့ဒီရထားရဲ့ အရှိန်ကြောင့် သူ့ရဲ့ ဦးခေါင်းကို ထိပြီး လဲကျသွားခဲ့တာကိုတွေ့ရပါတယ်။ ဗီဒီယိုနောက်ဆုံးမှာ သူလဲကျပြီး အော်လိုက်တဲ့အသံကိုပဲ ကြားလိုက်ရတာဖြစ်ပါတယ်။
သူ့ကို ရထားလာနေပြီဆိုတာ ဘူတာရုံက ရဲအရာရှိက လှမ်းပြီး သတိပေးခဲ့ပေမယ့်လည်း “ခနနေဦး” လို့ပြန်ပြောကာ ဆက်ဖီဆက်ရိုက်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒဏ်ရာရရှိသွားတဲ့ သူ့ကို နီးစပ်ရာဆေးရုံကိုပို့ပေးခဲ့ပြီး ကံကောင်းလို့ အသက်ဘေးက သီသီလေးလွတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုအန္တရာယ်များလှတဲ့ ဆက်ဖီရိုက်ကူးမှုတွေကို တခြားသူတွေလည်း မလုပ်ကြဖို့ သူ့ရဲ့ ဗီဒီယိုကို ကြည့်ပြီး သံဝေဂရစရာ သင်ခန်းစာယူစရာကောင်းပါတယ်။
သူဟာ ရထားဘူတာရုံကသူရဲ့ စကားကို နားမထောင်ခဲ့လို့ အခုလို ဖြစ်ရပ်ဆိုးကြုံလိုက်ရတယ်လို့ မှတ်ချက်ပေးသူများရှိနေတာဖြစ်ပါတယ်။ စတန့်ထွင်တာလည်း တော်ရုံကောင်းပါတယ်နော် ပရိသတ်ကြီးရေ။.
Leave a Reply