မိတ်ကပ်ဆရာအရွေးမှားလို့ မင်္ဂလာပွဲမှာ ပုံပျက်ပန်းပျက်ဖြစ်ခဲ့ရတဲ့ စုံတွဲ

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ချိုင်နတ်ပြည်နယ် ဟန်ခ မြို့နယ် (Hankha)တွင် နေထိုင်တဲ့ စုံတွဲတစ်တွဲဟာ မင်္ဂလာပွဲမှာ ရုပ်ပျက်ဆင်းပျက်အလှပြင်ခဲ့မိတဲ့အတွက် အရှက်ကွဲခဲ့ရပြီး နောက်နေ့မှာ မိတ်ကပ်သေချာပြန်လိမ်းပြီး မင်္ဂလာဓာတ်ပုံကို ပြန်ရိုက်ခဲ့ရပါတယ်။

မင်္ဂလာမောင်နှံဟာ May ၁၃ ရက်မှာ ဓာတ်ပုံရိုက်ကူးခဲ့ကြတာဖြစ်ပြီး ဒါရီကာ ကလင်ကုလဗ် (Darika Klinkuhlab)ဟာ သူမတို့ အိမ်နားက အလှပြင်ဆိုင်မှာ မင်္ဂလာ ဓာတ်ပုံရိုက်ကူးဖို့အတွက် မိတ်ကပ်လိမ်းခြယ်ခဲ့ကြပါတယ်။ဒါရီကာ ဟာ သူမ သွားနေကျဆိုင်ကဝေးတဲ့အတွက် အနီးအနားက ဆိုင်က သွားရလာရပိုအဆင်ပြေတယ်ဆိုပြီး မိတ်ကပ်လိမ်းပေးဖို့ငှားခဲ့တာဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့မှာတော့ ဒါရီကာဟာ မိတ်ကပ်အလှပြင်ဆရာဆီကိုသွားပြီး မိတ်ကပ် ၃ နာရီကြာလိမ်းခဲ့ပါတယ်။လက်ထပ်ပွဲက ညနေ ၄ နာရီမှာ စမှာ ဖြစ်တဲ့အတွက် မိတ်ကပ်ဆရာက ၄ နာရီထိုးခါနီးမှာ အပြီးသတ်ပေးခဲ့ပြီး ဒါရီကာဟာ မှန်ထဲမှာ မြင်ရတဲ့ သူမရဲ့ ရုပ်ရည်ကို မနှစ်သက်ပေမဲ့ မိတ်ကပ် နောက်တစ်ခါလိမ်းဖို့အတွက်လည်း အချိန်မမှီတော့တဲ့အတွက် လိမ်းလက်စ မိတ်ကပ်နဲ့ပဲ မင်္ဂလာပွဲကိုကျင်းပခဲ့ရပါတယ်။

မင်္ဂလာပွဲအပြီးမှာတော့ ဒါရီကာဟာ သူတို့ ဇနီးမောင်နှံ ၂ ယောက်ရဲ့ မင်္ဂလာဓာတ်ပုံကို အင်တာနက်ပေါ်မှာ ဝေမျှခဲ့ပြီး သတို့သမီးတွေ အနေနဲ့ မင်္ဂလာဆောင်မယ်ဆိုရင် အစစအရာရာ ပြင်ဆင်ထားဖို့လိုပြီး ကျွမ်းကျင်တဲ့ မိတ်ကပ်ဆရာ နဲ့ အလှပြင်ဖို့ သတိပေးခဲ့ပါတယ်။ဒါရီကာဟာ သူမရဲ့ အဖြစ်အပျက်ကို Facebook မှာ ဝေမျှခဲ့ပြီးနောက် ကျွမ်းကျင် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သူက သူရဲ့ အလှပြင် မိတ်ကပ်အဖွဲ့သားတွေနဲ့ အတူ ဒါရီကာတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲအတွက် လှပတဲ့ ဓာတ်ပုံများကို ပိုက်ဆံပေးစရာ မလိုဘဲ ရိုက်ကူးပေးခဲ့ပါတယ်။

ဒါရီကာဟာ ဓာတ်ပုံဆရာရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဓာတ်ပုံဆရာနဲ့ အလှပြင်အဖွဲ့သားတွေက ဒါရီကာတို့ ဇနီးမောင်နှံမင်္ဂလာဓာတ်ပုံများကို စေတနာဖြင့် ၃ နာရီကြာ ပြင်ဆင်ရိုက်ကူးပေးခဲ့တယ်လို့သိရပါတယ်။ကူညီပေးခဲ့တဲ့ ဓာတ်ပုံဆရာကတော့ သူနဲ့ သူ့အဖွဲ့သားတွေဟာ ကြင်စဦး ဇနီးမောင်နှံကို အခုလို ကူညီခွင့်ရခဲ့တဲ့အတွက် ဝမ်းသာကြောင်း ပြောဆိုခဲ့တယ် လို့ Bagkok Post သတင်းစာအရ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*