နေနဲ့ထိတိုင်း အသားထဲက သွေးထွက်လောက်တဲ့အထိ နာကျင်ရတဲ့ Vampire ကောင်မလေး

ကလေးတွေရဲ့သဘာဝအရ နေရောင်ခြည်ထဲမှာ ပျော်ပျော်ရွှင်ရွှင်ကစားပြီး ညရောက်တဲ့အခါကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အသက် (၁၁) နှစ်အရွယ် Savannah Fulkerson လေးကတော့ တခြားကလေးတွေလို လင်းလင်းချင်းချင်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေခွင့်မရတော့ပါဘူး။


Savannah ဟာ မွေးတုန်းကတော့ သာမန်ကလေးတွေလိုပဲ ကျန်းမာပျော်ရွှင်ပြီး ချစ်ဖို့အရမ်းကောင်းပါတယ်။ သူမအသက် (၄) နှစ်အရွယ်အထိ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းလာခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူမအမေဖြစ်သူတို့နဲ့ နေ့လည်ပိုင်းရေကူးကန်မှာ ရေကူးနေတုန်း ပူတယ်၊ ပူတယ်ဆိုကာ ထအော်ခဲ့ပါတယ်။

(၄) နှစ်သမီးလေးဟာ ငိုကြီးချက်မနဲ့ ငိုယိုကာ အပြင်မှမနေဘူး အထဲသွားမယ်ချည်းပဲ ပြောနေခဲ့ပါတယ်။ ကလေးကို ကြည့်လိုက်တဲ့အခါ လက်လေးတွေမှာ အနာလေးတွေဖြစ်နေတာကြောင့် အမေဖြစ်သူ Andrea Fulkerson က ချက်ချင်းဆိုသလို ဆေးရုံကို သွားပြခဲ့ပေမယ့် ဆရာဝန်တွေကတော့ ရောဂါအမည်အမှားတပ်ကာ လက်ကနှင်းခူတွေနဲ့ ရေကူးကန်ကရေနဲ့ထိလို့ စပ်ကာအော်တာဖြစ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

Andrea ကတော့ သူ့သမီးလေးလက်က အနာဟာ နှင်းခူဆိုတာကို ယုံကိုမယုံခဲ့တာပါ။ နှင်းခူကြောင့် ရေနဲ့ထိကာစပ်တဲ့ နာကျင်မှုမျိုးဆိုရင် ကလေးက အခုလောက်ထိ အော်မှာမဟုတ်ဘူးဆိုတာ သူမသိနေခဲ့ပါတယ်။

ဒီလိုနဲ့ နေပူထဲထွက်တိုင်းလိုလို ကလေးက ပူတယ်၊ လောင်တယ်၊ နာတယ်ဆိုပြီး အော်နေတဲ့အတွက် Andrea က နေရောင်ကြောင့်ဖြစ်နေတာလားဆိုပြီး သံသယစတင်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နေရောင်ထိတိုင်း လက်မှာ အရေကြည်ဖုဖြစ်ကာ သွေးထွက်လောက်တဲ့အထိဖြစ်တဲ့ ရောဂါမျိုးမကြားဖူးတော့ သူမအတွက် ထူးဆန်းနေခဲ့ပါတယ်။ သံသယဝင်တဲ့ နေ့ကစလို့ Savannah လေးကို နေရောင်နဲ့ ပေးမထိစေတော့ဘဲ ထားလာခဲ့ရင်း ရောဂါကိုဆက်လက်စစ်ဆေးရှာဖွေစေခဲ့ပါတယ်။


(၅) နှစ်အကြာမှာတော့ လော့စ်အိန်ဂျလိစ်ကလေးဆေးရုံက အကူအညီနဲ့ Savannah မှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေဟာ Erythropoietic Protoporphyria လို့ခေါ်တဲ့ EPP နဲ့ သွားဆင်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သွေးစစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့ အချိန်မှာတော့ Savannah မှာ တကယ်ပဲ EPP ရောဂါရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။


EPP ဟာ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်သလို အမေရိကတစ်ဝှက်မှာလဲ EPP ရေဂါသည်ဘယ်နယောက်ရှိမှန်းတောင်မသိပါဘူူး။ ပျမ်းမျှခြင်းကတော့ တစ်နိုင်ငံလုံးမှာအယောက်တစ်ရာဝန်းကျင်လောက်ပဲ ရှိတယ်လို့သိရပါတယ်။

ရောဂါလက္ခဏာတွေကတော့ နေရောင်ထဲအကြာကြီးနေလိုက်တာနဲ့ မီးမြိုက်သလိုခံစားရပြီး အသားတွေနီမြန်းကာ အရမ်းကြီးဆိုးလာရင်တော့ အနာဖြစ်ပြီး သွေးထွက်တဲ့အဆင့်အထိ ဖြစ်တတ်ပါတယ်။


“ချော်ရည်ပူတွေလောင်းကျနေသလိုပဲ တကယ်ကို အရမ်းကြီးနာတယ်” လို့ Savannah လေးကပြောပါတယ်။ Savannah လေးဟာ အခုဆိုရင် အသက် (၁၁) နှစ်ရှိနေပြီဖြစ်ပြီး အမှာင်ထဲမှာနေလာရကာ (၇) နှစ်လောက်ရှိနေပါပြီ။ ဒီဝေဒနာကို ကုသမယ့်ဆေးဝါးမယ်မယ်ရရမပေါ်သေးပေမယ့် Europe မှာတော့ အရေပြားထဲက မယ်လမင်ဓာတ်တွေကို မြင့်တင်ပေးပြီး နေရောင်ခြည်ကို ခံနိုင်မယ့် ဆေးဝါးတစ်မျိုးထွင်ပြီး FDA ခွင့်ပြုချက်ရဖို့ စောင့်နေတယ်လို့ ကြားသိရပါတယ်။


Savannah လေးအတွက်တော့ မနက်ဟာညဖြစ်ပြီး ညဟာနေ့ဖြစ်လို့နေပါတယ်။ အိမ်ထဲက ရေကူးကန်ထဲ ရေဆင်းကူးဖို့တောင် ညနေစောင်းတဲ့အထိစောင့်ရကာ အပြင်ထွက်သွားလာဖို့ဆိုရင်လည်း နေရိပ်တဲ့အချိန်လောက်မှာတောင် နေရောင်ကာတွေ တစ်ကိုယ်လုံးဝတ်ဆင်ကာ ထွက်ရပါတယ်။ နေရောင်ခြည်ဖြာပြီး သဲပြင်နွေးနွေလေးပေါ်မှာ ထိုင်ကာ ပင်လယ်ကြီးကို ကြည့်ရတဲ့ ခံစားမှုမျိုးဟာ သူမအသက် (၄) နှစ်သမီးအရွယ်မှာတင် ရပ်တန့်သွားခဲ့ပါပြီ။ ကျောင်းသွားရင်လည်း နေကာဦးထုပ်အကြီးကြီးကိုဆောင်းသွားရတာကြောင့် မှိုခေါင်းကြီးလို့ အစအနောက်ခံရတဲ့အပေါ်မှာတော့ “သူတို့မှနားမလည်တာ” လို့သာ ပြောနိုင်ရှာပါတယ်။

ဒဏ္ဍာရီထဲက သွေးစုတ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေတို့ကို ဖန်တီးသူလို့ ပြောနေကြတဲ့ ထရန်စဗေးနီးယားမြို့စား ဒရယ်ဂူလာဟာဆိုရင်လည်း အခုခေတ်ဆေးပညာနဲ့ သိပ္ပံနည်းအရ EPP ရောဂါခံစားခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*