စမတ်ဖုန်း မက်ဆေ့ဂျ် ဓလေ့ကြောင့် လင်မယား ကွဲဖို့ပိုလွယ်လာ

စမတ်ဖုန်း များကြောင့် ဇနီးမောင်နှံ နှစ်ယောက်ကြား မျက်နှာချင်းဆိုင် စကားပြောချိန်ထက် မက်ဆေ့ဂျ်ပို့ ဆက်သွယ်သည့် အချိန်က ပိုများလာ သဖြင့် စိတ်ထဲက အဖုအထစ်များ အကြောင်း ပြောဆို ဆွေးနွေးချိန် နည်းလာခြင်း ရလဒ်အဖြစ် ယနေ့ ဇနီးမောင်နှံ များသည် စိတ်ချင်းဝေးကာ လမ်းခွဲနိုင်ခြေ ပိုများ လာရကြောင်း ဗြိတိန် လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

ဗြိတိန်နိုင်ငံတွင် ကွာရှင်း ပြတ်စဲနှုန်းသည် ပြီးခဲ့သည့် နှစ် (၄၀) အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိ နေသည် မှန်သော်လည်း ဇနီး သို့မဟုတ် ခင်ပွန်း ဖြစ်သူ အိမ်ကနေ ရုတ်တရက် ထွက်သွားကာ လမ်းခွဲလိုက် ကြသည့် နှုန်းမူကား ထူးထူးခြားခြား မြင့်တက်လာ နေကြောင်း သိရသည်။ ဇနီးမောင်နှံ လမ်းခွဲမှု မျိုးစုံအနက် ငါးရာခိုင်နှုန်းသည် ထိုသို့သော မပြောမဆိုနှင့် ဗြုန်းစားကြီး ထွက်သွားခြင်းမျိုး ဖြစ်ကြောင်း လူမှု စိတ်ပညာ သုတေသီတို့က ဆိုသည်။


တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဝေး လာခြင်း ကနဦး လက္ခဏာများ ထဲတွင် နေစရာ နေရာသစ် ကြိတ်ရှာဖွေနေခြင်း၊ ဘဏ်အကောင့် သီးခြား ဖွင့်ထားခြင်းမျိုး များလည်း ပါဝင်သည်ဟု သုတေသီတို့က ဆိုသည်။ ထိုသို့သော စိတ်ချင်းဝေးသည့် ဖြစ်စဉ်မျိုး ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ပိုဖြစ်ပွား လာသည်ကို ထောက်ရှုပါက အင်တာနက်၊ စမတ်ဖုန်း တို့သည် ကျိန်းသေပေါက် လက်သည်များ ဖြစ်သည်ဟု သုတေသီ တို့က ထောက်ပြသည်။

အိမ်ထောင်သက်ရှည်ပြီး ကလေးတွေလည်း ကြီးပြင်း အရွယ်ရောက်နေပြီ ဖြစ်သော ဇနီးမောင်နှံ တို့သည် စိတ်ချင်းဝေးသည့် ပြဿနာ ကြုံရနိုင်ခြေ အများဆုံးဟုလည်း လေ့လာမှု စစ်တမ်းက ထောက်ပြသည်။ စမတ်ဖုန်းခေတ် ဇနီးမောင်နှံ တို့သည် တစ်ယောက်နဲ့ တစ်ယောက် မက်ဆေ့ဂျ်ပို့ခြင်း၊ ဖုန်းနဲ့ စကားပြောခြင်းက ပိုများ လာသည့် အတွက် စိတ်ပိုင်းဆိုင်ရာ သဘောအားဖြင့်လည်း စိတ်ချင်း ဝေးသထက်ဝေးလာ ရကြောင်း မိသားစု ဥပဒေ အကြံပေး အတိုင်ပင်ခံ အဖွဲ့ Lake Legal မှ မန်နေဂျင်း ဒါရိုက်တာ လင်းအာတန်က ပြောသည်။

တဖြည်းဖြည်းချင်း မကျေနပ်မှု၊ မပြေလည်မှုများ မြင့်တက်လာပြီး နောက်ဆုံးလမ်းခွဲ လိုက်သည့် သမား ရိုးကျ ပုံစံမျိုးထက် ယနေ့ စမတ်ဖုန်းခေတ် စုံတွဲ တို့သည် အချိန်တို အတွင်း မကျေနပ်မှုများ စုပုံကာ ခပ်မြန်မြန် လမ်းခွဲ လိုက်ကြသည့် ပုံစံမျိုးဘက် ပိုရောက်လာ ကြောင်းလည်း မစ္စတာ အာတန်က ပြောသည်။ ထိုသို့ ဖြစ်ရ ခြင်းမှာလည်း အထက်တွင် ပြောခဲ့သည့် အတိုင်း စမတ်ဖုန်းများကြောင့် စိတ်ချင်းဝေး လာခြင်း ရလဒ် အဖြစ် မြန်မြန်ဆန်ဆန် လမ်းခွဲဖို့ မတွန့်ဆုတ်ကြခြင်း ဖြစ်ကြောင်း စစ်တမ်းက ထောက်ပြသည်။

ဗြိတိန် အိမ်ထောင် သက်ဆိုင်ရာ လေ့လာမှု စာရင်းများ အရလည်း ယခု နောက်ပိုင်း အိမ်ထောင် ပြိုကွဲသည့် ဇနီးမောင်နှံတို့၏ (၆၀) ရာခိုင်နှုန်းထိသည် အိမ်ထောင် မကွဲမီ တစ်နှစ် အလိုခန့်ထိ မိမိအိမ်ထောင် အပေါ် စိတ်ကျေနပ်မှု ရှိခဲ့ကြသူများ ဖြစ်ပြီး၊ တစ်နှစ် အတွင်းတွင်မှ မကျေနပ်မှု များကြောင့် မြန်မြန်ဆန်ဆန် လမ်းခွဲ ဖြစ်ခဲ့ကြခြင်း ဖြစ်ကြောင်း တွေ့ရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*