အဆက်ဖြတ်လိုက်သည့် ရည်းစား၏ မာစီးဒီးကား ကို အမျိုးသမီးက ရေကူးကန်ထဲ မောင်းချ

အဆက်ဖြတ်လိုက်သည့် ရည်းစား၏ မာစီးဒီးကားကို အမျိုးသမီးက ရေကူးကန်ထဲ မောင်းချ

ဘဏ်လုပ်ငန်းရှင် ရည်းစားဖြစ်သူက ရင်းနှီးမြှုပ်နှံဖို့ ငွေမကူညီဘဲ သူမကို အဆက်ဖြတ်လိုက်လို့ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ရည်းစားရဲ့ မာစီးဒီးကားကို ရေကူးကန်ထဲ မောင်းချခဲ့ပါတယ်။

ဘဟားမားနိုင်ငံက အသက် ၂၄ နှစ်အရွယ် ခရစ္စတီနာကူချမာဆိုတဲ့ အမျိုးသမီးဟာ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ သူမရည်းစားထံက ဒေါ်လာ ၅ သောင်း အကူအညီ တောင်းခဲ့ပါတယ်။

ရည်းစားဖြစ်သူက ရင်းနှီးငွေမပေးလို့ စိတ်ဆိုးဒေါသထွက်ပြီး သူတို့ ၂ ဦး ညစာစားနေတဲ့နေရာနဲ့ နီးတဲ့ ရည်းစားရဲ့အိမ်က ကားကို ရေကူးကန်ထဲ မောင်းချခဲ့တာပါ။

ညစာစားချိန်မှာ အမျိုးသားရဲ့မျက်နှာကိုလည်း ခရစ္စတီနာက ရေနွေးနဲ့ ပက်ခဲ့ပါသေးတယ်။

ဒီနောက် ရည်းစားဖြစ်သူရဲ့ အိမ်ထဲကို ခိုးဝင်ခဲ့ပြီး ပေါင် ၄ သောင်း ၁ ထောင် တန်ကြေးရှိတဲ့ မာစီးဒီးကားကို အမျိုးသားရဲ့ ရေကူးကန်ထဲ မောင်းချပြီး “လူလိမ်၊ ငါ့စီးပွားရေးစဖို့ နင်ကူညီမယ်လို့ ငါ့ကိုပြောတယ်၊ ခုကျတော့ နင်က ရင်းနှီးမြှုပ်နှံသူဖြစ်ချင်တယ်၊ နင့်ခြံအနောက်ဘက်မှာ နင့်အတွက် အံ့သြစရာတခု ငါထားထားတယ်၊ ဒီရင်းနှီးမြှုပ်ဖို့အကြံကို စလုပ်လိုက်ပါ” လို့ တယ်လီဖုန်းမက်ဆေ့ချ် ပို့ခဲ့ပါတယ်။

အမျိုးသားကတော့ သူမ စီးပွားရေးလုပ်ငန်းအတွက် ငွေအကူအညီတောင်းမှု အပြီးမှာ သူမက ငွေတခုတည်းအတွက်ကြောင့် သူ့ကိုဆက်ဆံခဲ့တာလို့ ယူဆပြီး အမျိုးသမီးကို ရည်းစားအဖြစ်က ပြတ်ဆဲလိုက်ပါတယ်။ အမျိုးသား နောက်တနေ့ အိမ်ပြန်ချိန်မှာ ရေကူးကန်ထဲ နစ်မြှုပ်နေတဲ့ ကားကို တွေ့ရတယ်လို့ ဆိုပါတယ်။

“သူများ ရေမြုပ်တဲ့ကားထဲ ရှိနေမလားဆိုပြီး တကယ်ပဲ စိုးရိမ်နေတာ၊ ကျနော် အဲဒီအချိန်မှာ ကားကို တကယ်ပဲ ဂရုမစိုက်ပါဘူး၊ ကားထဲမှာ သူမရှိဘူးဆိုမှ စိတ်အေးနိုင်တယ်၊ ကျနော်က သူ့ကို ပစ်လိုက်တော့ သူက ကျနော့်ကားကို ပြန်လွှင့်ပစ်လိုက်တာပေါ့၊ ကျနော် ဒီမိန်းကလေးကို တကယ်ချစ်တာပါ၊ ကျနော် လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်၊ ဒါပေမယ့် သူက အရမ်းကို ဆိုးဆိုးရွားရွား လုပ်သွားတယ်” လို့ အမျိုးသားက နယူးယော့ခ်ပို့စ် သတင်းဌာနကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတင်းဌာနက ဆက်သွယ်ချိန်မှာ ကူချမာက ငြင်းဆန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမှုဖွင့်ထားပြီး ရေကူူးကန်ထဲက ကားကို ဆယ်ဖို့ အချိန် ၄ နာရီကျော်ကြာကြောင်း အမျိုးသားက အတည်ပြုပြောလိုက်တယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*