နောက်လာမယ့်ကပ်ရောဂါဟာ အခုထက် (၁၀) ဆ ပိုဆိုးမှာဖြစ်ကြောင်း Bill Gates သတိပေး

Bill Gates က နောက်လာမယ့် ကပ်ရောဂါဟာ အခုထက် ဆယ်ဆပိုဆိုးနိုင်မှာဖြစ်ကြောင်းနဲ့ လူသားမျိုးနွယ်ဟာ ဒါကိုအဆင်သင့်မပြင်ထားသေးဘူးလို့ သတိပေးလိုက်ပါတယ်။ ဘီလျံနာ Gates က “ကျွန်တော်တို့ နောက်ထပ် ကပ်ဘေးအတွက် မပြင်ဆင်ရသေးပါဘူး။” လို့ဆိုရင်း နှစ်အနည်းငယ်အတွင်း ဒီအခြေအနေကပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဆေးဝါးတွေ၊ စမ်းသပ်မှုတွေ၊ ကာကွယ်ဆေးတွေနဲ့ ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ခြင်းပညာရပ်တွေကို ပိုမိုလေ့လာဖို့လိုတဲ့အကြောင်း ပြောခဲ့ပါတယ်။


“ဒီကပ်ရောဂါက ဆိုးတယ်။ ဒါပေမဲ့ နောက်လာမယ့် ကပ်ရောဂါက ဒီထက် ဆယ်ဆပိုပြင်းထန်လိမ့်မယ်။” လို့ Gates က ဆိုရင်း ဖြစ်လာနိုင်တဲ့ရောဂါတွေကနေ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ အစိုးရကိုတိုက်တွန်းခဲ့တာပါ။ တစ်ဘက်မှာလည်း တကယ်လို့ ဒီရောဂါသာ လွန်ခဲ့တဲ့ ၅နှစ်ခန့်က ဖြစ်ပွားခဲ့ရင် ဒီလောက်အချိန်တိုအတွင်းနဲ့ ကမ္ဘာဟာ ကာကွယ်ဆေးကိုမဖော်နိုင်လောက်ဘူးလို့ဆိုရင်း အခု ကိုဗစ်ကာကွယ်ဆေးကိုလျင်မြန်စွာတီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဒါ့ပြင် Gates က ကာကွယ်ဆေးတွေကို နိုင်ငံအချို့ကပဲ လက်ဝါးကြီးအုပ်ထားတာမျိုးမလုပ်ဘဲ ညီညီမျှမျှဖြန့်ဝေပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အနာဂတ်မှာတွေ့ရမယ့် ကပ်ရောဂါတွေအကြောင်း Gates သတိပေးခဲ့တာဟာ အခုက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ Gates က လက်ရှိ လူသားတွေရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ လူတော်တော်များများရဲ့ဘဝမှာ အကြီးမားဆုံးကြုံတွေ့ရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဒီလို ရောဂါကူးစက်မှုမျိုးဟာ နှစ်၂၀ ကျရင်တစ်ကြိမ်လောက် ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*